ရမ်းဗြဲ နိုဝင်ဘာ ၁၀
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ရမ်းဗြဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရမ္မာဝတီခန်းမ၌ ကျင်းပခဲ့ကြသည်။
ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်သန်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရမ်းဗြဲမြို့နယ်လူမှု ဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ရွှေမှလည်း ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ မိမိတို့၏ဌာနမှ ဆောင်ရွက်ပေးနေမှုများကိုရှင်းလင်း ပြောကြားသည်။ ယင်းနောက် ကော်မတီဝင်ဌာနများဖြစ်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တရားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ပြန်/ဆက်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန စသည့်ကော်မတီဝင်များမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်း ညှိနှိုင်းဆွေးနွေးကြသည်။
အဆိုပါ အခမ်းအနားကို လုပ်ငန်းကော်မတီဝင်ဌာနဆိုင်ရာများနှင့် ကော်မတီအဖွဲ့ဝင်လူမှုရေး အသင်းအဖွဲ့များလည်းတက်ရောက်ခဲ့ကြပြီး မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးကော်မတီဝင်များမှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။