အောင်ပန်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အောင်ပန်းအမှတ်(၂) တပ်မတော်ဆေးရုံ(ခုတင်၇၀၀)သို့ ဆေးပဒေသာပင် အလှူငွေလှူဒါန်းခြင်းကို ယမန်နေ့ နံနက်(၈)နာရီက အဆိုပါဆေးရုံ၌ ကျင်းပသည်။
လှူဒါန်းပွဲတွင် အောင်ပန်းအမှတ်(၂) တပ်မတော်ဆေးရုံ(ခုတင်၇၀၀) ဗိုလ်မှူးချုပ် စောရန်နိုင်မှ ဆေးကုသမှုဆိုင်ရာများ တင်ပြရှင်းလင်းပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ဆေးပဒေသာပင် အလှူငွေလှူဒါန်းရသည့် အကြောင်းရင်းအားပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ဆေးပဒေသာပင်အတွက် အလှူငွေကျပ်သိန်း (၅၀) ပေးအပ်ရာ ဗိုလ်မှူးချုပ်စောရန်နိုင်မှ လက်ခံရယူပြီးကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
ဆက်လက်၍ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း) ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တက်ရောက်အဖွင့်အမှာစကားပြောကြားရာ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်းကျောင်း (အောင်ပန်း)သည ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပထမကြိမ်စက်မှုလက်မှု ဘာသာရပ်ဆိုင်ရာ သင်တန်း(၅)မျိုးအား သင်ကြားပို့ချပြီး ယခုဒုတိယအကြိမ်အနေဖြင့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းအား ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမှာဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ဒေသအတွင်း စက်မှုလက်မှု ပညာရပ်များသာမက ဟိုတယ်ပညာရပ်များကိုပါ စာတွေ့(၁၄)ပတ်၊ လက်တွေ့(၃)လကြာ သင်ကြားလေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ယခုလို သင်တန်း ဖွင့်လှစ်နိုင်ရေး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ကူညီပံ့ပိုးဆောင်ရွက်ပေးသလို ဒေသတွင်းရှိဟိုတယ်များ၊ ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများအတွက် လိုအပ်သော ကျွမ်းကျင်လုပ်သားများရရှိရေး ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်း ဖန်တီးဖော်ဆောင်ရေးဦးတည်လျက် ဝိုင်းဝန်းပူးပေါင်းကူညီ ဆောက်ရွက်ပေးရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းတာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းမှ သင်တန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြပြီး ပြည်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများက သင်တန်းတက်ရောက်မည့် သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြ၍ သင်တန်းတွင် လက်တွေ့ပို့ချမည့် အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်း၊ အစာအစားနှင့် အဖျော်ယမကာ ဝန်ဆောင်မှုသင်တန်း ပို့ချမည်နေရာကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါသင်တန်းကို သင်တန်းသားဦးရေ(၄၀)ဦးတက်ရောက်၍ သင်တန်းကို နိုဝင်ဘာလ(၈)ရက်မှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ဟဲဟိုးမြို့ရှိ မျိုးချစ်တိုးချဲ့ နို့စားနွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုရာ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ တိုးချဲ့နို့စားနွားခြံနှင့်ပတ်သက်၍ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြား၍ နို့စားနွားခြံမွေးမြူထားရှိမှု၊ နို့ညစ်စက်များ၊ ဒိန်ချဉ်၊ ထောပတ်ထုတ်လုပ်မှုများကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ "မျိုးချစ်" တိုးချဲ့နွားမွေးမြူရေးခြံတွင် နိုဝင်ဘာလအတွင်း နို့ညစ်နွားမ(၂၃)ကောင်၊ နို့ဖြတ်နွားမ(၅)ကောင် ဒေသနွား(၁)ကောင်၊ (၈)လသားနွားမ(၂)ကောင်၊ ဒေသနွား(၁)ကောင်၊ (၃)လသားနွားမ (၆)ကောင်၊ နွားအထီး(၆)ကောင်၊ ရက်သားနွားမ(၁)ကောင်၊ အထီး(၁)ကောင်ရှိပြီး(၁)ရက်လျှင် နွားနို့ ပိဿာချိန် နံနက်မှ ညနေထိ(၁၀၀) ကျော်ထွက်ရှိပြီး တောင်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမြို့များ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိမြို့များ၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေးဒေသများသို့ ဖြန့်ချီရောင်းချလျက်ရှိပြီး နွားနို့အပြင် ဒိန်ချဉ်၊ နွားနို့ခဲ၊ ထောပတ်များ ထုတ်လုပ်ရောင်းချလျက်ရှိပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အနေဖြင့် တောင်ကြီးမြို့နယ်ရှိ မူလတန်းကျောင်း(၁၁)ကျောင်းမှ မူလတန်းကျောင်းသား၊ ကျောင်းသူ(၂၁၄၈)ဦးနှင့် မူဆယ်မြို့နယ်ရှိ မူလတန်းကျောင်း(၁၀)ကျောင်းရှိ မူလတန်းကျောင်းသား၊ကျောင်းသူ(၂၃၅၂)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၄၅၀၀)ဦး တို့အား (၁)ပတ်လျှင်နှစ်ကြိမ်နှုန်းနှင့် အကြိမ်ရေပေါင်း(၃၀) တိုက်ကျွေးသွားမည့်အစီအစဉ်တွင် တောင်ကြီးမြို့နယ်အတွက် တိုက်ကျွေးမည့် အသင့်သောက်သုံးနိုင်သည့် နို့ဗူးများကို သန့်ရှင်းလတ်ဆတ်စွာ တိုက်ကျွေးနိုင်ရေး စီမံထုတ်လုပ်ပေးလျက် ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)