မန္တလေး နို၀င်ဘာ ၁၀
ကျောင်းသား/ကျောင်းသူကလေးငယ်များ အပြောအဆိုစွမ်းရည်များ မြင့်မားတိုးတက်လာစေရေး၊ စာဖတ်စွမ်းရည်များ စာပေလေ့လာရေးသားခြင်းစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်စသည့် ရွယ်ချက်များဖြင့် ယမန်နေ့နံနက် ၁၀ နာရီက မန္တလေးအောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲများကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်စံပယ်က ပြိုင်ပွဲကျင်းပခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေက ပြိုင်ပွဲ၏ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပပြုလုပ်ပေးခဲ့ရာ အမက(၂၂)မူလွန်မှ ကျောင်းသား/သူလေးများ ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများကို ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ပေးအပ်သည်။
အဆိုပါ အခမ်းအနားသို့ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊တာဝန်ရှိသူများ၊ စာဖတ်ပရိသတ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း