တောင်ကြီး နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ထံမှ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား၊ သင်တန်းသူများက သြဝါဒခံယူခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
သြဝါဒခံယူခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယခုမောင်တို့မယ်တို့ တက်ရောက်ပညာသင်ကြားမည့် ကျောင်းတော်ကြီးသည် ရည်ရွယ်ချက် တိကျခိုင်မာစွာနှင့် ဖွင့်လှစ်ထားရှိသည့် ကျောင်းတော်ကြီးဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့ကို မှာကြားလိုသည်မှာ သင်တန်းကျောင်းကို ရောက်သည့်အခါ ကျောင်းကချမှတ်သည့် စည်းကမ်းများကို အလေးထားလိုက်နာကြရန်၊ သင်တန်းသား၊သင်တန်းသူများအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပညာသင်ယူကြရန်၊ သင်တန်းဆင်းပြီးပါက မောင်တို့မယ်တို့အနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသအသီးသီးက တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်းလုံးညီညွှတ်မှု တိုးတက်ခိုင်မာရေးကို ကြိုးပမ်းကြမည့် အရည်အသွေးမြင့်မားသည့် ပညာရေး ဝန်ထမ်းကောင်းများနှင့် ရုံးလုပ်ငန်းများကျေပွန်စွာဆောင်ရွက်မည့် ဝန်ထမ်းကောင်းဖြစ်အောင်ကြိုးပမ်းကြရန် လိုအပ်မည်ဖြစ်ကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ပြည်ထောင်စုစိတ်ဓါတ်ဖွံ့ဖြိုးစေလျက် ပြည်ထောင်စုကြီး ထာဝစဉ်တည်တံ့ခိုင်မြဲရေးအတွက် တိုင်းရင်းသားများကို လူ့စွမ်းအားအရင်းအမြစ် စွမ်းရည်မြှင့်တင်ပေးပြီး အချင်းချင်းနားလည်မှု၊ လေးစားမှုပိုမိုရရှိစေရန်နှင့် ဒေသအကျိုးကို သယ်ပိုးထမ်းဆောင်နိုင်သော နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေသော နိုင်ငံနှင့်လူမျိုးအပေါ် ချစ်မြတ်နိုးသော ပညာရေးဝန်ထမ်းကောင်း ဆရာ၊ ဆရာမများ၊ ရုံးပိုင်းဆိုင်ရာ ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊စစ်ကိုင်း)သို့ တက်ရောက်မည့် သင်တန်းသား သင်တန်းသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅)သောင်းစီကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က အသီးသီးပေးအပ်ကြပြီး B.E.d သင်တန်းတက်ရောက်မည့် သင်တန်းသူ နန်းအေးနော်ဟွမ်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်း သိရသည်။
အဆိုပါ သင်တန်းကို B.E.d(၅)နှစ်၊ ပညာရေးဒီဂရီကောလိပ်(၄)နှစ်၊ A.G.T.I(၃)နှစ်နှင့် သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၅၀)ဦး တက်ရောက်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)