တောင်ကုတ်မြို့၌ အခြေခံပြည်သူများအား တန်ဖိုးသင့်စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချ

တောင်ကုတ် နိုဝင်ဘာ ၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်၌ အခြေခံပြည်သူများသို့ တန်ဖိုးသင့်စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာဖြင့်ရောင်းချခြင်းကို ယနေ့နံနက်(၇)နာရီတွင် တောင်ကုတ်လမ်း - သံတွဲလမ်း (လမ်းခွဆုံ)တွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးခြင်းကို တောင်ကုတ်တပ်နယ်မှဦးဆောင်၍ တပ်ရင်းတပ်ဖွဲ့ဝင်များနှင့်အတူ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ ပူးပေါင်းပါဝင်ကာ ဝက်သား၊ ကြက်သား၊ ကြက်ဥ၊ အမဲစည်သွပ်ဘူး၊ ခေါက်ဆွဲ၊ ကြာဇံ၊ ဘီစကစ်၊ ငံပြာရည်နှင့် ဟင်းသီး၊ ဟင်းရွက်များကို ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံစားကုန်နှင့် ဟင်းသီးဟင်းရွက်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချရာတွင် ဈေးဝယ်သူများနှင့်စည်ကားခဲ့ကာ ဈေးဝယ်လာသူများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ်ရေးဆိုင်ရာစည်းကမ်းချက်များနှင့် သွားလာရေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)