ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြုဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား နိုဝင်ဘာ ၉

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည်အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပညာရေး ဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးသည် လူသားတိုင်းအတွက် လိုအပ်သည့် အရာတစ်ခုဖြစ်သလို လူသားမျိုးနွယ်အတွက် အဓိကကျသော အရာတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့အတူ လူသားမျိုးနွယ်တစ်ခုချင်းစီ၏ မိခင်ဘာသာစကားသည် အင်မတန်မှ အရေးကြီးသလို မိခင်စာပေကို လည်း ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်အောင် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါ ကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများအနေဖြင့် ဒေသတွင်း ကလေးငယ်များ၏ မိခင်ဘာသာ စကားနှင့် စာပေကို စနစ်တကျသင်ကြားနိုင်ရေးအတွက် ဆရာအတတ်ပညာနှင့်ဆိုင်သည့် ဗဟုသုတများ ကို လေ့လာကြရန်နှင့် မိမိတို့၏ တာဝန်ကြီးမားမှုကို များစွာဂုဏ်ယူရမည်ဖြစ်ပါကြောင်း တိုက်တွန်း မှာကြားသည်။

ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ဥမ္မာမြင့်က တိုင်းရင်းသား ဘာသာသင် ဆရာ၊ ဆရာမများအတွက် ပထမဆုံးဖွင့်လှစ်သည့် သင်တန်းဖြစ်သည့်အတွက် ဆွေးနွေးပွဲ သင်တန်းတွင် သင်ကြားသွားမည့် ဆရာအတတ်ပညာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ်က တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာများ စွမ်းရည်မြှင့် အထောက်အကူပြု ဆွေးနွေးပွဲ အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်ခဲ့ပြီး နည်းပြဆရာ၊ ဆရာမ များနှင့် သင်တန်းသားဆရာ/ ဆရာမများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြသည်။

အဆိုပါ သင်တန်းကို ကချင်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာစကား သင်ကြားရန် ခန့်အပ်ထား သည့် ဂျိန်းဖော့ ၁၄ ဦး၊ လော်ဝေါ် ၈ ဦး၊ လာချိဒ် ၁၂ ဦး၊ လီဆူ ၁၆ ဦး၊ တိုင်းလိုင် ၄၀ ဦး၊ တိုင်းလေ ၃ ဦး၊ တိုင်းခမ်းတီ ၅ ဦး၊ တိုင်းလုံ ၂ ဦး စုစုပေါင်း ဆရာ၊ ဆရာမ(၁၀၀)ဦးအတွက် ပထမဆုံးအကြိမ် ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းကာလ ရက်ပေါင်း ၂၀ ကျော်အတွင်း ဆရာ၊ ဆရာမများ၏ သင်ကြားရေး လုပ်ငန်းနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည့် ဆရာအတတ်ပညာများ၊ ပြည်ထောင်စု စိတ်ဓာတ်၊ စာရိတ္တ နှင့် ပြည်သူ့နီတိ၊ နိုင်ငံဝန်ထမ်းကျင့်ဝတ်ဆိုင်ရာများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)