၂၀၂၂ ခုနှစ် (၁၆)ကြိမ်မြောက် ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနားစည်ကား သိုက်မြိုက်စွာ ကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၉

(၁၆)ကြိမ်မြောက် ပြင်ဦးလွင်မြို့တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် ပြင်ဦးလွင်မြို့ ဓမ္မရတီကုန်းမြေပေါ်ရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့် ဘုရားကြီး (ပြည်ချစ်ဘုရား)အနီးရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော် အောင်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တပ်မတော်အရာရှိကြီးများ၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ ဦးသန့်ဇော်ဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မဟာအံ့ထူးကံသာဆုတောင်းပြည့်ဘုရားဂေါပကကြီးများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးပုံးပျံပညာရှင်များ၊ ဖိတ်ကြားထားသူများ၊ ဒေသခံပြည်သူများနှင့် ရပ်နီးရပ်ဝေးမှခရီးသွား ဧည့်သည်များ စုံလင်စွာတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်၍ ပြင်ဦးလွင် ပညာရေးမိသားစုမှ ကျောင်းသူများက “ပြင်ဦးလွင်မီးပုံးပျံပွဲတော်” သီချင်းဖြင့် "2022 ပြင်ဦးလွင်မှ ကြိုဆိုပါ၏” စာတန်းသရုပ်ဖော်ကပြတင်ဆက်ပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် ပွဲတော်ကျင်းပရေးဦးစီးကော်မတီမှ လွှတ်တင်မည့်မီးပုံးပျံအား နာယကကြီးများ၊ ဦးစီးကော်မတီများ၊ လုပ်ငန်းကော်မတီများက မီးစာထွန်းညှိလွှတ်တင်ခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပွဲတော်အောင်မြင်ခြင်းအထိမ်းအမှတ် အမှာစကားပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မီးပုံးပျံပြိုင်ပွဲနှင့် အားကစားပွဲများတွင် ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြပြီး အောင်ပွဲအထိမ်းအမှတ်အဖြစ် မီးရှူးမီးပန်းများ ပစ်ဖောက်၍ အောင်ပွဲအခမ်းအနားရုပ်သိမ်းလိုက်သည်။

အဆိုပါ (၁၆)ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၄ ရက်မှ၈ ရက်နေ့အထိ ကျင်းပရာပွဲတော်ကာလ၌ မဟာအံ့ထူးကံသာ ဘုရားအား မသိုးသင်္ကန်းဆက်ကပ်ပူဇော် ခြင်း၊ ဘုရားရင်ပြင်တော်တွင်ဆီမီးကိုးထောင် ထွန်းညှိပူဇော်ခြင်း၊ စတုဒိသာကျွေးမွေးခြင်းစသည့် ကောင်းမှုကုသိုလ်များ ပြုလုပ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် လည်း ညမီးပုံးပျံလွှတ်ပြိုင်ပွဲ၊ နေ့အရုပ်လှမီးပုံးပျံပြိုင်ပွဲဟူ၍ အမျိုးအစားခွဲခြားခဲ့ကာနေ့အရုပ် အလှ(၄၆)လုံး၊ စိန်နားပန် (၁၆)လုံးနှင့် ညမီးကျည်(၁၄)လုံး၊ စုစုပေါင်း(၇၆) လုံးတို့‌မှ‌နေ့အလိုက် ယှဉ်ပြိုင်ခဲ့ကြကြောင်းနှင့် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုများကို ထိုက်ထိုက်တန်တန် ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ထို့အပြင် ပွဲတော်လာပြည်သူများကို နိုင်ငံကျော် အနုပညာရှင်များ၊ မန္တလေးမြို့ ကျက်သရေဆောင် ကျောက်ဆည်မြို့၏ ဆင်အက မြို့မတူရိယာအဖွဲ့နှင့် အဖွဲ့များက ဧည့်ခံဖျော်ဖြေခဲ့ကြပြီး အစားအသောက် ဝယ်ယူနိုင်ရန်အတွက်နှင့်လိုအပ်သည့်ပစ္စည်းများ လည်း စားစရာအစုံအလင်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ပါဝင်သည့်ဆိုင်ခန်းများ၊ ကုမ္ပဏီအရောင်းပြခန်းများကိုပါ ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)