သံဖြူဇရပ်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

သံဖြူဇရပ်      စက်တင်ဘာ   ၁၉

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီ လုပ်ငန်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က၊ သံဖြူဇရပ်မြို့ရှိ အသွားအလာကန့်သတ် စောင့်ကြပ်ကြည့်ရှုရေး စခန်းတွင် ရှိနေကြသည့် ပြည်သူများကျန်းမာရေးနှင့်အညီ နေထိုင် စားသောက်မှု အဆင်ပြေစေရေးအတွက် ဆောင်ရွက်ထားရှိသည့် အစီအမံများနှင့် ဆက်လက် ဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် ကဏ္ဍများကို အသိပေးပြောကြားသည်။

မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသန့်ဇင်က အသွားအလာ ကန့်သတ် စောင့်ကြည့်ရေး စခန်းတွင် ရောက်ရှိနေသူများအား နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ် ရယူမည့် အစီအစဉ်နှင့် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေခြင်းများကို ပြောကြားပြီး ကော်မတီဝင်များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မရှိစေရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးသည်။

သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများက  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ စည်းစနစ်တကျ သွားလာနေထိုင်စေရေး အသိပေးနှိုးဆော်ခြင်းကို ရပ်ကွက်၊ ကျေးရွာအားလုံးတွင် လိုက်လံနှိုးဆော်နိုင်ရေးအတွက်၊ Hand Speaker နှင့် အပူချိန်တိုင်း ကိရိယာများကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က ရပ်ကွက်၊ ကျေးရွာ(၄၁)အုပ်စုထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးအေးသီ(ပြန်/ဆက်)