ပျော်ဘွယ်မြို့နယ်တွင် စာပေလေ့လာဖတ်ရှုရခြင်း၏အကျိုးကျေးဇူးအကြောင်း ဟောပြောပွဲကျင်းပ

ပျော်ဘွယ် နိုဝင်ဘာ ၉

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ စာပေလေ့လာဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်း(၁)နာရီက ခင်ကြီးယကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးဝင်းက ကိုယ်လက်လှုပ်ရှားအားကစားခြင်းနှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှုဆက်စပ်နေမှုအခြေအနေများ၊ ကျောင်းသားလူငယ်များအနေဖြင့် အားကစားမြှင့်တင်ရေးဆိုင်ရာများကို ဆွေးနွေးဟောပြောပြီး ကျောင်းသား၊ ကျောင်းသူများအသုံးပြုနိုင်ရန် အားကစားပစ္စည်းများကိုပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မိမိလွင်က လက်ခံရယူသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာပေလေ့လာဖတ်ရှုရခြင်း၏အကျိုးကျေးဇူးများ၊ ကျောင်းစာထိခိုက်မှုမရှိဘဲ ပြင်ပဗဟုသုတရှာဖွေနည်းများကို ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များနှင့်စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး