ဆီဆိုင် နိုဝင်ဘာ ၉
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဝါးအသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက တဘက်ကျေးရွာအုပ်စု၊ နမ့်စေမြဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူး ဒေါ်လွင်လွင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဆီဆိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောမောင်ဗွေက အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် သင်တန်းနည်းပြဆရာမှ သင်တန်းသား၊ သင်တန်းသူများအား မိတ်ဆက်အမှာစကားပြောကြားကာ တဘက်ကျေးရွာအုပ်စုမှ တာဝန်ရှိသူတစ်ဦးက အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးနှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က သင်တန်းသား၊ သင်တန်းသူများအား သင်ထောက်ကူ ပစ္စည်းများပေးအပ်ခဲ့သည်။ အဆိုပါ သင်တန်းတွင် တဘက်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦးတို့အား နိုဝင်ဘာ(၉)ရက်နေ့မှ နိုဝင်ဘာ(၂၈)ရက်နေ့ အထိ စာတွေ့ လက်တွေ့ အခမဲ့သင်ကြားပို့ချ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)