နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၌ မြို့နယ်ချေးငွေ အကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ဆောင်ရွက်

နောင်ချို နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်ချေးငွေအကြံပေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာ ဦးအောင်ဇော်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်သူများထံမှ ကောက်ခံရန် ကျန်ရှိသည့် ချေးငွေများကို အကြေကောက်ခံနိုင်ရေး မည်သို့ဆောင်ရွက်ရမည်ကို အကြံပေးစေလိုကြောင်းနှင့် မိုးကြိုကာလ၊ မိုးရာသီ၊ ဆောင်းကြိုကာလ(၃)ရာသီ ထုတ်ချေးပေးနေမှု၊ ကောက်ခံရရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် နောင်ချိုမြို့နယ်မန်နေဂျာ ဦးဇော်နိုင်ဦးက (၃)ရာသီ ကာလအတွင်း ချေးငွေများ ထုတ်ချေးထားမှု၊ ကောက်ခံရရှိမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းကျော်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ၏ ချေးငွေလုပ်ငန်းများနှင့်ပတ်သက်ပြီး လုံခြုံရေးဆောင်ရွက်ပေးနေမှုများ၊ လစဉ်ရပ်/ကျေး အစည်းအဝေးများတွင် ပေါင်းစပ်ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးခဲ့သည်။

ဆက်လက်၍  နောင်ချိုမြို့နယ် ချေးငွေအကြံပေးအဖွဲ့များမှ တာဝန်ရှိသူများက ချေးငွေထုတ်ချေးမှု၊ ပြန်လည်ကောက်ခံရရှိမှုများအပေါ် အကြံပြုဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးချက်အပေါ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် လက်ထောက်အထွေထွေမန်နေဂျာ၊ ဦးခင်မောင်စိုးက ချေးငွေများ အား အချိန်စေ့လွန် မဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြံပေးအဖွဲ့များ၏ အစည်းအဝေးကို တစ်လတစ်ကြိမ် ဆောင်ရွက်၍ မှတ်တမ်းနှင့်တကွ တင်ပြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာမြို့နယ်သို့ တင်ပြ၍ ကွင်းဆင်း ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာနှင့် တာဝန်ရှိသူများ၊ မြို့နယ် မန်နေဂျာနှင့် ဝန်ထမ်းများ၊ ချေးငွေအကြံပေးအဖွဲ့များ တက်ရောက်ခဲ့ကြပြီး တောင်သူများ ချေးငွေများ အချိန်မှန် ပေးဆပ်ခြင်းဖြင့် မိမိတို့ပြန်လည်ချေးယူမည့် ချေးငွေများ ပုံမှန်ရရှိနိုင်စေရန် ရည်ရွယ်၍ အစည်းအဝေး ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။     

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)