သုဝဏ္ဏဝတီမြို့ရှိ မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းပြန်လည်တည်ဆောက်နိုင်ရေး အလှူငွေနှင့်လှူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကျင်းပ

သထုံ       နိုဝင်ဘာ       ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ သိမ်ဆိပ်ရပ်ကွက်တွင် မီးဘေးသင့်ခဲ့ရသည့် သိမ်ဆိပ်ကျောင်းကြီး အသစ်ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ယနေ့နံနက်က တာဝန်ရှိသူများပူးပေါင်းကာ အလှူငွေ၊ သင်္ကန်းနှင့် လူဖွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းနားကို အဆိုပါကျောင်းတိုက်ဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် သထုံတပ်နယ်မှူး ဗိုလ်မှူးကြီးအောင်အောင်ဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှိုင်ထွန်း၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်ဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲ့မှုဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တက်ရောက်လာသူတို့က သိမ်ဆိပ်ကျောင်းကြီးဆရာတော်ထံမှ သီလခံယူဆောက်တည်ကြသည်။

ယင်းနောက် သထုံတပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က သံဃာတော်များအတွက် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်‌ကျေးရွာများမှ စုပေါင်းလှူဒါန်းသည့် အလှူငွေများ၊ သင်္ကန်း(၁၇၉)စုံ၊ ဆန်(၂၄)ပြည်ပါ (၆)အိတ်၊ (၁၂)ပြည်ပါ(၂)အိတ်၊ (၆)ပြည်ပါ (၄)အိတ်၊ ခေါင်းအုံး၊ စောင်၊ ခြင်ထောင်၊ အိပ်ယာခင်း(၁၀)စုံ၊ ဆပ်ပြာအမွှေး၊ အကြမ်း၊ အမှုန့်များစသည့် စုစုပေါင်း ငွေကျပ်(၁၅၃၅၃၆၀၀)တန်ဖိုးရှိ အလှူငွေနှင့်လှူဖွယ်ပစ္စည်းများကို သိမ်ဆိပ်ကျောင်းကြီးဆရာတော်ထံ လှူဒါန်းပေးအပ်ကြကာ လှူဒါန်းမှုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါကျောင်းတိုက်မှာ နိုဝင်ဘာလ ၈ ရက်နေ့ နံနက်က မီးဘေးသင့်ခဲ့ရပြီး သံဃာတော်များ သီတင်းသုံးနေထိုင်သည့် ပေ(၈၀)ပတ်လည်ခန့်ရှိ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် ကျောင်းတိုက်ရှိ မော်တော်ယာဉ်နှစ်စီးတို့ မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)