သာစည် စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများအား ယမန်နေ့က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရသည်။
သင်တန်းတက်ရောက်ရန်လာကြသည့် သင်တန်းသားများအား ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် လက်ဆေးရန်နေရာများ ဆောင်ရွက်ပေးထားပြီး သင်တန်းကို နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း နှစ်ချိန်ခွဲကာ နံနက်ပိုင်းတွင် သင်တန်းသား ၈၄ ဦး၊ နေ့လယ်ပိုင်းတွင် သင်တန်းသား ၉၀ ဦးတို့ကို အခန်းသုံးခန်းခွဲ ဖွင့်လှစ်ပို့ချခဲ့ခြင်း ဖြစ်သည်။
သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမြင့်ဦးက သင်တန်းဖွင့်လှစ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး အတွင်းရေးမှူး ဒေါ်အိမွန်ကျော်နှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ကြိုတင်ဆန္ဒမဲပေးခြင်း လုပ်ငန်းစဉ်များကို ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၈၇ အုပ်စုမှ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)