ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်များစီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရွှေကူ နိုဝင်ဘာ ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း (ရွှေကူ) “ပညာ့ဂုဏ်ရည်” ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေက ကျောင်းတွင်းစီမံခန့်ခွဲမှု အရည်အသွေးတိုးတက်ရေး၊ ပညာရေးတိုးတက်ရေးနှင့် စာသင်ကျောင်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုများက အဓိကကျသည့်အတွက် ကျောင်းအုပ်ကြီးများ အရည်အသွေးမြှင့်တင်ခြင်းဖြင့် အခြေခံပညာ ကျောင်းများရှိဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို စနစ်တကျ စီမံခန့်ခွဲနိုင်မှသာ အရည်အချင်းနှင့် အရည်အသွေးရှိပြီး တွေးခေါ်မျှော်မြင်နိုင်စွမ်းရှိသည့် လူသားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်မည်ဖြစ်ကြောင်း၊ သင်ကြား၊ သင်ယူမှု တိုးတက်ကောင်းမွန်လာစေရန်၊ အခြေခံပညာ ဦးစီးဌာန၏ စီမံ၊ ဘဏ္ဍာ၊ ပညာစစ်ဆေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၀၀)ကျောင်းမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများနှင့် တာဝန်ခံကျောင်းအုပ် (၁၀၀) ဦးတို့အား မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေက နိုဝင်ဘာ (၉) ရက်မှ (၁၀)ရက်အထိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ရွှေကူ) “ပညာ့ဂုဏ်ရည်” ခန်းမတွင် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

ခင်ပပသိန်း(ပြန်/ဆက်)