မြစ်ကြီးနား နိုဝင်ဘာ ၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နိုဝင်ဘာ ၉ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်မှ တက်ရောက်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ကချင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းအောင်က လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် ကလေးသူငယ်အခွင့်အရေးများနှင့် အမျိုးသမီး အခွင့်အရေးများနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်ဝေဝေနိုင်က လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ကော်မတီဝင်များမှ ခရိုင်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်း ဆွေးကြပြီး ကော်မတီဥက္ကဋ္ဌ ဦးသန့်ဇင်မှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ခရိုင်(ပြန်/ဆက်)