ပင်းတယ၌ အစေ့ထုတ်ပြောင်းစိုက်တောင်သူများ ဈေးကောင်းရရှိ၍ အဆင်ပြေ

ပင်းတယ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့သည် ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ (၃၈၈၀) တွင် တည်ရှိပြီး မြို့နယ်အတွင်းနေကြသည့် ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းပြုကြရာ အစေ့ထုတ်ပြောင်းစိုက်ပျိုးသည့် တောင်သူများပြောင်းဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ပင်းတယမြို့နယ် အနီးရှိကျေးရွာများဖြစ်သည့် ရေဖြူ၊ ကျောက်တော၊ ရွှေပုထိုး၊ လယ်ပြင်၊ မိုင်းအင် အစရှိသည့် ကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိရာ အစေ့ထုတ်ပြောင်းများကို မိုးဦးကာလဖြစ်သည့် မေလ တတိယအပတ်တွင် စတင်စိုက်ပျိုးကြပြီး တစ်ဧကလျှင် ပြောင်းမျိုးစေ့တစ်ထုပ်နှုန်းဖြင့် ရှစ်သုံညရှစ်မျိုးကို အဓိကထားစိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီး (၅)လမှ (၆)လအကြာတွင် စတင်ခူးဆွတ်ရောင်းချနိုင်ကြောင်း၊ အထွက်နှုန်းမှာ (၁) ဧကလျှင် ပိသာချိန်(၉၀၀)မှ (၁၀၀၀)ကျော်အထိ ထွက်ရှိကြောင်းနှင့် ယခင်နှစ်တွင် အစေ့ထုတ်ပြောင်းဈေး တစ်ပိဿာလျှင် (၉၀၀)ကျပ် ဝန်းကျင်သာရရှိပြီး ယခုနှစ်တွင် အစေ့ထုတ်ပြောင်း ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၁၀၀)ကျပ် ဝန်းကျင်ခန့်ရောင်းချရ၍  ပြောင်းစိုက်ပျိုးတောင်သူများ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)