မိုးညှင်း နိုဝင်ဘာ ၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် အင်းသာကျေးရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများမှ သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမြသိန်းဝင်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က လုပ်ငန်းများ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေးအတွက် အင်းသာကျေးရွာ၌ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံနှင့် ဂါလံ ၂၄၀၀ဆံ့ အမြင့်တင်ရေစင် တည်ဆောက်ခြင်း၊ ပေ ၂၀၀၀ ရေပိုက်လိုင်း သွယ်တန်းခြင်းလုပ်ငန်းများကို ကျေးဇူးကမ္ဘာကုမ္ပဏီက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၂၃ ဒသမ ၄၀ သန်းဖြင့် တင်ဒါအောင်မြင်ခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့တွင် လုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းဆောင်ရွက်မှု အခြေအနေမှာ ၅၀ ရာခိုင်နှုန်းထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာလေးရွာ၌ ရေရရှိရေးလုပ်ငန်းများကို ခွင့်ပြုငွေကျပ် ၈၃ ဒသမ ၅၆၃ သန်းဖြင့် ကုမ္ပဏီသုံးခုမှ အဆိုပါလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။
ရွှေမိုးညှင်း