မိုးကောင်း စက်တင်ဘာ ၁၉
ကချင်ပြည်နယ် ၊ မိုးညှင်းခရိုင် ၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း အပြင်ထွက်လျှင် Mask မဖြစ်မနေ တပ်ဆင်သည့်အလေ့အထရှိစေရေးအတွက် မြို့နယ်အတွင်း သွားလာနေသော Mask မတပ်ဆင်သူများအား ယနေ့မွန်းလွဲ(၂)နာရီတွင် မန္တလေး-မြစ်ကြီးနား လမ်းမပေါ်ရှိ မီးပွိုင့်လမ်းဆုံများ၌ ရှောင်တခင်စစ်ဆေး၍ Mask ကို “ချက်ချင်းဝယ်၊ ချက်ချင်းတပ်” ဒဏ်ရိုက်ခြင်းဆောင်ရွက်ကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်ဖြင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ပူးပေါင်းစစ်ဆေးရေး အဖွဲ့များက ရှောင်တခင်စစ်ဆေးစဉ် Mask တပ်ဆင်ခြင်းမရှိဘဲ မြို့တွင်းစက်ဘီး၊ ဆိုင်ကယ်၊ မော်တော်ကားဖြင့်သွားလာနေသူများအား မြို့မဈေးအနီး လမ်းဆုံနှင့် မိုးကောင်းမြို့တံတားလမ်းဆုံ တို့၌ Mask တစ်ခုလျှင်(၁၀၀၀)ကျပ်နှုန်းဖြင့် “ချက်ချင်းဝယ်၊ ချက်ချင်းတပ်” ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါလှုပ်ရှားဆောင်ရွက်မှုတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကော်မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ကြောင်းသိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)