တွံတေး နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံဖြိုးတိုးတက်ရေးအတွက် လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ယုဇနခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ခင်မြချိုက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ရန်အတွက် အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်လိုကြောင်း၊ ကာယ၊ ဗလ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့်ဗလငါးတန်နှင့် ပြည့်စုံမှသာ နိုင်ငံတာဝန်များကို ပခုံးပြောင်း တာဝန်ယူနိုင်မည်ဖြစ်ကြောင်း၊ တစ်ဦးနှင့်တစ်ဦးအသိပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်ရေး အတွေ့အကြုံသစ်များရရှိရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့် ကျောင်းသား၊ကျောင်းသူများအား Moderator မှ ဦးဆောင်မိတ်ဆက်ပေးကာ Grade- 11(B)မှမောင်မင်းခန့်က လူငယ်နှင့်စာပေ၊ Grade- 11(A) မှ မမေသူလင်းက လူငယ်နှင့်စာရိတ္တ၊ Grade- 10’A)မှမခွန်းဆင့်က လူငယ်နှင့် ယဥ်ကျေးမှု၊၊Grade- 10မှမဆည်းဆာနှင်းက လူငယ်နှင့်ကျန်းမာရေး၊ Grade- 11(A)မှ မောင်ဘုန်းပြည့်အောင်ကိုက လူငယ်နှင့်အားကစား ခေါင်းစဉ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြသည်။
ယင်းနောက်တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည့်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးကိုယ်စား တာဝန်ခံဆရာတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကာ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၂၃၀)ဦး တက်ရောက်ခဲ့ကြသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲအားခင်းကျင်းပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား (ပြန်/ ဆက်)