မဟာအောင်မြေ နိုဝင်ဘာ ၉
မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၂) အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကလေးအလုပ်သမား ပပျောက်ရေးအသိ ပညာပေးနှင့် နံရံကပ်စာစောင်ပြသမှုကို ယနေ့နံနက် (၁၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်မှ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်များချမှတ်၍ ၂၀၁၉ မှ ၂၀၂၃ အထိ ပထမငါးနှစ်စီမံချက်၊ ၂၀၂၃ မှ ၂၀၂၈ အထိ ဒုတိယငါးနှစ်စီမံချက်၊ ၂၀၂၈ မှ ၂၀၂၃ အထိ တတိယငါးနှစ်စီမံချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပြီး အမျိုးသားအဆင့် လုပ်ငန်း ကော်မတီကို ၅-၂-၂၀၁၈ ရက်နေ့စ၍ အဖွဲ့ဝင် (၃၇) ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းကော်မတီများကို တိုင်းနှင့် ပြည်နယ်တွေမှာ ဖွဲ့စည်းထားကြောင်း၊ ကလေးအလုပ်သမား ပပျောက်ရေးဟာ လူငယ်များနှင့် ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍဟာ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ပုံရိပ်တွေကို ဖန်တီးမှုပေးတဲ့အတွက် အလွန်အရေးကြီးတဲ့အကြောင်း၊ လူငယ်တွေနဲ့ကလေးတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်း အမြစ်တွေဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန်ပြန့် သိရှိနိုင်စေရန်ပြောကြားပြီး တိုင်းပြည်ရဲ့အနာဂတ်မှာ တန်းဖိုးရှိတဲ့ လူငယ်တွေ မဆုံးရှုံးစေဖို့၊ ကလေးအလုပ်သမားပြဿနာကို သတိကြီးစွာထားရှိဖို့၊ အစိုးရနှင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးမှာလည်း တာဝန်ရှိပြီး အားလုံးပူးပေါင်းမယ်ဆိုရင် ကလေးအလုပ် သမားပပျောက်ပြီး အဆိုပါလုပ်ငန်းစဉ်သည် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးတွင် နံရံကပ်စာစောင်များကိုလည်း ကျောင်းသား/သူများက လှည့်လည်ကြည်ရှုလေ့လာခဲ့ပြီး အဆိုပါ အသိပညာပေးကို ကျောင်းအုပ်ဆရာမနှင့် ဆရာ၊ ဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း