ဒဂုံအရှေ့ နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့်အားကစားပစ္စည်းများပေးအပ်ခြင်းကို ယနေ့ နံနက် (၁၀) နာရီက အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်း ချင်းတွင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်ထူးထူးလွင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်ဆွေအေးက “အားကစား” ဆိုတာ အင်အားနဲ့ ဉာဏ်ရည်ကို အသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာအနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေးအတွက် အားကစားက ဆောင်ရွက်ပေးတာဖြစ်၍ ကျောင်းသား/ ကျောင်းသူလူငယ်များ အားကစားကို လေ့ကျင့်အသုံးချစေရန် အသိပညာပေး ဟောပြောခဲ့ပြီးနောက် အားကစားပစ္စည်းများကို လှုဒါန်းပေးအပ်ရာ အလက(၆) ကျောင်းတာဝန်ခံ ဆရာမဒေါ်တင်တင်အေးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ အလက(၆) ကျောင်းတာဝန်ခံဆရာမဒေါ်တင်တင်အေးက ကျောင်းသား/ သူလူငယ်များအတွက် အားကစားဆိုင်ရာ အကြောင်းအရာများနှင့် အားကစားပစ္စည်းများ လှုဒါန်းပေးအပ်မှုအပေါ် ကျေးဇူးတင်စကားပြောကြား၍ ကျောင်းသား၊ ကျောင်းသူများက Fitness Dance၊ မြန်မာသိုင်းအားကစားနည်းတို့ဖြင့် သရုပ်ပြသပေးရာ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့မှ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ပြီးနောက် အဆိုပါအခမ်းအနားသို့ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းပြများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အမှတ်(၆)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူ (၁၂၀)ဦးနှင့် ဆရာ/ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)