မိုးနဲမြို့နယ်၌ အရည်အသွေးကောင်း ဒေသမျိုးမိုးစပါးစံကွက်ရိတ်သိမ်း

မိုးနဲ   နိုဝင်ဘာ   ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် နားခံကျေးရွာအုပ်စု တောင်သူ ဦးစောတ၏ လယ်မြေဧက၌ (၆ ဒသမ ၆) ဧက ဒေသအရည်အသွေးကောင်း ခေါက်မိုက်ကွပ်မိုးစပါး စံကွက်ရိတ်သိမ်းခြင်းကို စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၈ နာရီအချိန်က ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဒေသမျိုးမိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မိုးစပါးအထွက်နှုန်းမှန်ကန်စေရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မော်ဦးနှင့်ဝန်ထမ်းများ၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေး နှင့်စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တောင်သူများက ပါဝင်ရိတ်သိမ်းခဲ့ကြပြီး အရည်အသွေး ကောင်းဒေသမျိုး မိုးစပါးတစ်ဧကလျှင် စပါးအစိုတင်း ၇၅ တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။

မိုးနဲမြို့နယ်၌ ရပ်ကွက် ၅ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၁၁ အုပ်စုရှိပြီး ရေမြေဒေသနှင့် ကိုက်ညီသော အရည်အသွေးကောင်း ဒေသမျိုးစပါးကိုသာ တောင်သူအများစုက ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးလျက်ရှိပြီး မိုးနဲမြို့နယ်အတွင်း မိုးစပါးလယ်သီးနှံ ၉၅၉၅ ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)