လားရှိုး နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်းရှိ ကျောင်းအုပ်ကြီးများ၏ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားတိုးတက်လာစေရန် ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲကို အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယနေ့ နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လားရှိုးခရိုင်ပညာရေးမှူး ဒေါ်ခင်ဝင်းကြည်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ပညာရေးမှူး ဒေါ်အုန်းဆန်းက စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက် ၍ ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား မြို့နယ်ပညာရေးမှူး ဒေါ်အုန်းဆန်းက ဦးဆောင်၍ (စီမံ)ကဏ္ဍအားလည်းကောင်း၊ လားရှိုးခရိုင်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထိုက်က (ဘဏ္ဍာ) ကဏ္ဍအားလည်းကောင်း၊ သိန္နီမြို့နယ်ပညာရေးမှူး ဒေါ်သူဇာအေးက (ပညာ) သင်ကြားကြီးကြပ်အကဲ ဖြတ်ကဏ္ဍအားလည်းကောင်း အသီးသီး ဆွေးနွေးပို့ချ သွားမည်ဖြစ် သည်။
အလုပ်ရုံဆွေးနွေးပွဲသို့ လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းအုပ်ကြီးများ စုစုပေါင်း(၁၆၀)ဦး တက်ရောက်ပြီး နိုဝင်ဘာလ(၉)ရက်နေ့မှ (၁၀)ရက်နေ့ ထိ (၂)ရက်တာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး