သီပေါမြို့နယ်တွင် ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးထုတ်လွှင့်

သီပေါ နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်နှင့်အားကစားရေးရာဝန်ကြီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများ ကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကောင်းမွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား  အားကစားအစီအစဉ်ရိုက်ကူးခြင်းကို ယနေ့နံနက်(၉)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုယ်လက်လှုပ်ရှားအားကစား အစီအစဉ် ရိုက်ကူးခြင်းများ ဆောင်ရွက်ရာတွင်  ပြည်သူများ ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ပြည်သူများ၏ နေ့စဉ်ဘဝ လှုပ်ရှားမှုများတွင် အသက်အရွယ်မရွေး ပြုလုပ်နိုင်သည့် အားကစားနည်းများကို လိုက်ပါကစားနိုင်စေရန် ရည်ရွယ်၍  ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မြို့နယ်အားကစားမှူး ဒေါ်သန်းရွှေမာက ပြောကြားခဲ့ကြောင်းနှင့် အဆိုပါအားကစားနည်းများကို  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ  အလယ်တန်းအဆင့် ကျောင်းသားလေး မောင်သိန်းထူးဆွေက သရုပ်ပြတင်ဆက်ခဲ့ ကြောင်း သိရသည်။

အဆိုပါ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ်များရိုက်ကူးထုတ်လွှင့်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသော သီပေါမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Pageနှင့် We Love Hsipaw Facebook Pageတို့တွင်  အပတ်စဉ် ထုတ်လွှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)