နောင်တရား နိုဝင်ဘာလ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ဘုရားဖြူကျေးရွာမှ ကြက်သွန်ဖြူစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။
“ဆောင်းသီးနှံဖြစ်တဲ့ ကြက်သွန်ဖြူကို ယခင်နှစ်ထက် စောစောစိုက်ဖြစ်တယ် ပြီးခဲ့တဲ့နှစ်က မိုးများတော့ ကြက်သွန်ဖြူ ဆောင်းမဝင်ခင် စိုက်တဲ့တောင်သူတွေ အခက်တွေ့ခဲ့တယ် ကြက်သွန် ဖြူက မိုးများရင် အပင်တွေဖြူသွားတယ် မကောင်းဘူး ပိုးသတ်ဆေးနဲ့ အပင်အားဆေးတွေ တော်တော်လေးဖြန်းလိုက်ရတယ် ဒီနှစ်မိုး အထွက်စောတော့ ကြက်သွန်ဖြူတွေ အပင်တွေကောင်းတယ် ရေတော့သွင်းရတာပေါ့” ဟု ပေါ့အင်ကျေးရွာအုပ်စု ဘုရားဖြူရွာမှ ကြက်သွန်ဖြူ စိုက်တောင်သူတစ်ဦးကပြောသည်။ အောင်ပန်းကုန်စည်ဒိုင်တွင် ကြက်သွန်ဖြူ တစ်ပိဿာ ကျပ် ၃၅၀၀မှ ၅၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေပြီး ကြက်သွန်းဖြူ အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။
နောင်တရားမြို့ အနီးပတ်ဝန်းကျင်ကျေးရွာများတွင် ဆောင်းသီးနှံအဖြစ် ကြက်သွန်ဖြူ၊ ရွှေပဲသီးတို့ကို စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် လယ်ယာထုတ်ကုန်များကို အောင်ပန်းကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချကြကြောင်းသိရသည်။
ခွန်အောင်( နောင်တရား)