မိုင်းဖြတ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလား အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ ညနေ ၄နာရီခွဲက မြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို အထက(မိုင်းဖြတ်)နှင့် အထက(ဟိုနား)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အထက(မိုင်းဖြတ်)အသင်းက အထက(ဟိုနား) အသင်းကို ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် တာဝန်ရှိသူများက ပထမရရှိသည့် အထက(မိုင်းဖြတ်)အသင်း၊ ဒုတိယဆုရရှိသည့် အထက(ဟိုနား)အသင်းတို့အား ဆုဖလားနှင့် ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးအားကစားဆုရရှိသူနှစ်ဦးအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲကို အသင်းပေါင်း (၆)သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ယနေ့တွင် ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး