ဒလ နိုဝင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့နံနက်ပိုင်း အချိန်မှစ၍ အခြေခံပညာမူလတန်းကျောင်းများရှိ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုကို ပညာရေးစစ်ကြောင်း အဖွဲ့ခေါင်းဆောင်မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်အေးခေါင်းဆောင်၍ ညောင်ကုန်းရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းနှင့် မြို့မ(၁)ရပ်ကွက်ရှိ၊ အမှတ်(၅)အခြေခံပညာမူလတန်းကျောင်းများရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိုက်ပျိုးထားသော အလှပန်းပင်များ၊ ပရဆေးပင်များနှင့် အရိပ်ရလေကာ ပင်များပြန်လည် မွမ်းမံစိုက်ပျိုးထားရှိမှုများနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူများအား သစ်ပင်စိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးမှစ၍ ကျောင်းပတ်ဝန်ကျင်သန့်ရှင်းရေးကိုပါလုပ်ကိုင်တတ်စေရန် အခြေခံ၍ လေ့ကျင့်ပျိုးထောင်ပေးထားကြောင်း ကျောင်းအုပ်ကြီးများက ပြန်လည်ရှင်းပြခဲ့ကြသည်။
ထို့နောက် ပညာရေးစစ်ကြောင်းကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးရွှေလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်ဌာန၊ မြို့နယ်သာသနာရေးဦးစီးဌာနတို့မှ တာဝန်ရှိသူတို့က မြေနိမ့်ပိုင်းတွင် တည်ရှိသောကျောင်းများအား မြေဖို့ရန်အတွက် ကူညီပံ့ပိုးမှုများ၊ ကျောင်း၏ လိုအပ်မှုများနှင့် ပရဆေးပင်များစိုက်ပျိုးထားရှိရာတွင် အသုံးဝင်ပုံ၊ အကျိုးအာနိသင်ရှိမှုများအား ရေးသားဖော်ပြထားရှိရန်အကြံပြု လမ်းညွှန်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြင့်ဇော် (ပြန်/ဆက်)