မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် နံရံကပ်စာစောင်ပြသမှုကျင်းပ

မဟာအောင်မြေ နိုဝင်ဘာ ၉

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနှင့် နံရံကပ်စာစောင်ပြသမှုကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုဘိုဟန်က ကလေးအလုပ်သမားပပျောက်ရေး နှင့်ပတ်သက်၍ နိုင်ငံတော်မှ အမျိုးသားအဆင့်လုပ်ငန်းစီမံချက်များချမှတ်၍ ၂၀၁၉ မှ ၂၀၂၃ အထိ ပထမငါးနှစ်စီမံချက်၊ ၂၀၂၃ မှ ၂၀၂၈ အထိ ဒုတိယငါးနှစ်စီမံချက်၊ ၂၀၂၈ မှ ၂၀၂၃ အထိ တတိယငါးနှစ်စီမံချက်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ပြီး အမျိုးသားအဆင့်လုပ်ငန်းကော်မတီကို ၅-၂-၂၀၁၈ ရက်နေ့စ၍ အဖွဲ့ဝင်(၃၇)ဦးဖြင့် ဖွဲ့စည်းထားကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီများကို တိုင်းနှင့်ပြည်နယ်တွေမှာဖွဲ့စည်းထားကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေးဟာ လူငယ်များနှင့် ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍဟာ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ပုံရိပ်တွေကို ဖန်တီးမှုပေးတဲ့အတွက် အလွန်အရေးကြီးတဲ့အကြောင်း လူငယ်တွေနဲ့ကလေးတွေဟာ တန်ဖိုးမဖြတ်နိုင်တဲ့အရင်းအမြစ်တွေဖြစ်ကြောင်း စသည့် အကြောင်းအရာများကို ကျယ်ကျယ်ပြန်ပြန့်သိရှိနိုင်စေရန်ပြောကြားပြီး တိုင်းပြည်ရဲ့အနာဂတ်မှာ တန်းဖိုးရှိတဲ့လူငယ်တွေမဆုံးရှုံးစေဖို့၊ ကလေးအလုပ်သမားပြဿနာကို သတိကြီးစွာထားရှိဖို့၊ အစိုးရနှင့်လူအဖွဲ့အစည်းတစ်ရပ်လုံးမှာလည်းတာဝန်ရှိပြီး အားလုံးပူးပေါင်းမယ်ဆိုရင် ကလေးအလုပ်သမားပပျောက်ပြီး အဆိုပါလုပ်ငန်းစဉ်သည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အဆိုပါ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးတွင် နံရံကပ်စာစောင်များကိုလည်း ကျောင်းသား/သူများက လှည့်လည်ကြည်ရှုလေ့လာခဲ့ပြီး အဆိုပါ အသိပညာပေးကို ကျောင်းအုပ်ဆရာမနှင့် ဆရာ၊ ဆရာမများ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း