ကျိုင်းတုံ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကျိုင်းတုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း က ကလေးသူငယ်များ အတန်းပညာနှင့်အတွေ့အကြုံဗဟုသတများ ပြည့်စုံစေရေး၊ ကျန်းမာကြံ့ခိုင်ရေးနှင့် ကလေးသူငယ်များ၏ အခွင့်အရေးများကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးတို့အတွက် ဆက်စပ်နှီးနွယ်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများသာမက ပြည်သူလူထုနှင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့် က ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်၍ ဆောက်ရွက်နေမှုအခြေအနေများအား ရှင်းလင်း ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ ကလေးသူငယ်များအားလုံး အနာဂတ်မှာ နိုင်ငံသားကောင်း၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာရေးနှင့် ကလေးသူငယ်များ အကျိုးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)