မိတ္ထီလာ နိုဝင်ဘာ ၉
မိတ္ထီလာခရိုင်တွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေရေး၊ မဲရုံများလျာထားသတ်မှတ်ရေးနှင့် မဲရုံသုံးပစ္စည်း လိုအပ်မှုများအတွက် ဆောင် ရွက်ရန် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပခဲ့ရာ ပြည်ထောင် စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မိုးမြင့်၊ ဦးအောင်စောဝင်း၊ ဦးဘရန်ရှောင်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းအေး၊ မိတ္ထီလာခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ လူဝင်မှုကြီးရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ မိတ္ထီလာခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် မဲဆန္ဒရှင်စာရင်းပြည့်စုံမှန်ကန်စေ ရေးအတွက် ပြုစုထားရှိသည့်အခြေခံလူဦးရေးစာရင်းဇယားများ မှန်ကန်ရေး၊ မဲရုံလျာထားမှု အခြေအနေများ အဆင်ပြေစေရေး၊ မဲရုံသုံးပစ္စည်း လိုအပ်မှုများ၊ ရွေးကောက်ပွဲအောင်မြင်ရေးတို့အတွက် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက် လာရောက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်းက မဲဆန္ဒရှင် စာရင်းပြည့်စုံမှန်ကန်စေရေး အခြေခံကျသည့် လူဦးရေးစာရင်းမှန်ကန်စေရေး၊ ဖြစ်ပေါ်လာမည့် မဲဆန္ဒရှင်အရေးအတွက်နှင့် ကိုက်ညီသည့် မဲရုံတည်ဆောက်ရေး၊ ရွေးကောက်ပွဲဆောင်ရွက်မည့် အင်းအားအခြေအနေ၊ မဲရုံတည်ဆောက်ရာတွင် ဘာသာရေးအဆောက်အအုံများနှင့် ပတ်သက်၍ လိုက်နာဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည် ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဘရန်ရှောင်က လာမည့်ရွေးကောက်ပွဲတွင် မဲစာရင်းများ မှားယွင်းမှုမရှိစေရေး လိုက်နာရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မင်းအေးက တိုင်းဒေသကြီးအတွင်း မဲဆန္ဒနယ်မြေ၊ မဲဆန္ဒရှင်စာရင်းများနှင့် မဲရုံအရေအတွက်များ လျာထားသတ်မှတ် ခြင်းဆိုင်ရာ ဆောင်ရွက်ထားမှုအခြေအနေများကို တင်ပြခဲ့သည်။၎င်းနောက် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များရှိ မဲဆန္ဒရှင်စာရင်းများနှင့် မဲရုံအရေအတွက်များ လျာထား သတ်မှတ်ခြင်းနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်တွင် ခန့်မှန်းမဲဆန္ဒရှင်စာရင်း ၇၁၁၉၉၃ဦးရှိပြီး လျာထားမဲရုံအရေအတွက် ၉၇၆ ရုံရှိရာ မိတ္ထီလာမြို့နယ်တွင် ခန့်မှန်းမဲဆန္ဒရှင်စာရင်း ၂၅၂၅၀၈ ဦးရှိပြီး လျာထားမဲရုံအရေအတွက် ၂၉၆ရှိပြီး မလှိုင်မြို့နယ်တွင် ခန့်မှန်းမဲဆန္ဒရှင်စာရင်း ၁၂၈၇၇၉ဦးရှိပြီး လျာထားမဲရုံအရေအတွက် ၂၀၅ ရုံ ရှိသည်။ ၎င်းအပြင် သာစည်မြို့နယ်တွင် ခန့်မှန်းမဲဆန္ဒရှင်စာရင်း ၁၆၀၂၂၃ ဦးရှိပြီး လျာထားမဲရုံအရေ အတွက် ၂၅၁ရုံ ရှိပြီး ဝမ်းတွင်းမြို့နယ်တွင် ခန့်မှန်းမဲဆန္ဒရှင်စာရင်း ၁၇၀၄၈၃ ဦးရှိပြီး လျာထားမဲရုံ အရေအတွက် ၂၂၄ရုံ ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)