မိတ္ထီလာမြို့နယ်တွင်  စက်ရက်ကန်း စက်မောင်း/စက်ပြင်  စက်မောင်း/စက်ပြင်သင်တန်း  ဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင်  စက်ရက်ကန်း စက်မောင်း/စက်ပြင်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။  

ရှေးဦးစွာ မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (မိတ္ထီလာ)မှကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်က သင်တန်းကျောင်းမှ လေ့ကျင့်သင်ကြားပေးသော စက်ရက်ကန်း စက်မောင်း/စက်ပြင်ပညာဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင် ချည်မျှင်နှင့် အထည်စက်ရုံများအတွက် နည်းစနစ်ကျပြီး ကျွမ်းကျင်သောစက်မောင်း/ စက်ပြင်ပညာရှင်များ မွေးထုတ်ပေးရန်၊ နည်းစနစ်ကျမှန်ကန်သော ရက်ကန်အတက်ပညာရှင်များ တိုးပွားလာစေ၍ အရည်အသွေးပြည့်မှီပြီး စျေးကွက်ဝင်သော အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရန်၊ မိမိ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်လိုသူများ တိုးပွားလာစေပြီး ဆင်းရဲနွမ်းပါးမှုလျော့ချစေရန် အသက်မွေးဝမ်းကျောင်းပညာတက်ခြင်းအားဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စက်ရက်ကန်း စက်မောင်း/စက်ပြင်သင်တန်းကို သင်တန်းသား (၁၀)ဦးဖြင့် နိုဝင်ဘာလ ၉ ရက်နေ့မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့အထိ နေ့စဉ်နံနက် ၈နာရီမှ ညနေ ၄နာရီအချိန်အထိ စက်ချိန်တွယ်နည်း၊ စက်ပြင်နည်း၊ ရက်ခတ်နည်းဘာသာရပ်များကို သင်တန်းကာလ ၂ လကြာ အခမဲ့ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ စက်ရက်ကန်း စက်မောင်း/စက်ပြင် ကာလတိုသင်တန်းကို   အောင်ဆန်းရပ်ကွက်၊ ဝန်ဇင်းရပ်ကွက်နှင့် အင်းပက်လက်၊ ဘုံစုကန်၊ တောမကျေးရွာတို့မှ လာရောက်တက်ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)