မြစ်သား နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက မြို့မအရှေ့ရပ်ကွက်ရှိ ပေတော(အမက)ကျောင်း၌ ယမန်နေ့မွန်းလွဲ(၂)နာရီက စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ အသိပညာပေးဟောပြောပွဲ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖြူမှ ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာမူရှိစေရန်နှင့် စည်းကမ်းရှိစေရန် အကြောင်းအရာများပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလွင်နှင့် အငယ်တန်းစာရေး ဒေါ်စိုးစန္ဒာထွန်းတို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် အသိပညာပေးအကြောင်းအရာများ၊ စာဖတ်ခြင်းအကျိုးကျေးဇူးများအကြောင်းများနှင့် ကလေးအလုပ်သမားပပျောက်ရေးအတွက်အရေးကြီးပုံအကြောင်း၊ ကလေးအလုပ်သမားတွေ လျော့နည်းပပျောက်အောင် ကလေးများကိုအကာအကွယ်ပေးရမည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်းသိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မျောက်ကျောက်ရောဂါအကြောင်းသိကောင်းစရာများနှင့် ပြပွဲ၊ ပြိုင်ပွဲလှုပ်ရှားမှု ဓာတ်ပုံပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီတာအောင် (မြစ်သား)