တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ နံရံကပ်ဓာတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကွင်းဆင်းဆောင်ရွက်

တံတားဦး နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား/သူများအား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်ဓာတ်ပုံပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ မြို့မအခြေခံပညာအလယ်တန်းကျောင်း၌ ဆောင်ရွက်ပေးကြောင်းသိရသည်။

ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွင် မြို့မအခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီချိုက အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များကို ဗဟုသုတရရှိရေးအတွက် ငှားရမ်းဖတ်ရှုလေ့လာသင့်ပါကြောင်း ၊ ဒါ့အပြင် ကျောင်းသား/သူများ အဆင်ပြေစေရန်အတွက် သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံများစီစဉ်ထားရှိပြီး စာအုပ်အသစ်များကို စဉ်ဆက်မပြတ် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခုငှားရမ်းပေးခဲ့သော စာအုပ်များကို စနစ်တကျလေ့လာမှတ်သားကြစေလိုကြာင်း ပြောကြားသည် ။

ထို့နောက် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်ဓာတ်ပုံပြပွဲတို့ကို ကျောင်းသား/သူများက စိတ်ဝင်တစားလေ့လာဖတ်ရှုကြပြီး Mobile စာကြည့်တိုက်ကို အခမဲ့ငှားရမ်းပေးသည်။ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူများ စာပေကိုအလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာများနှင့် အခြေခံပညာကျောင်းများအရောက် လိုက်လံငှားရမ်းပေးခြင်းဖြစ်ပြီး မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့လည်း မည်သူမဆိုအခမဲ့ အသင်းဝင်ရောက်ပြီး အခမဲ့လာရောက်ငှားရမ်းဖတ်ရှုနိုင်ကြောင်း သိရသည်။

ရဲတင့်