ကျောက်ဆည် နိုဝင်ဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများတွင် တန်ဆောင်တိုင်ရုံးပိတ်ရက်များတွင် ဘုရားဖူးများနှင့် စည်ကားလျက်ရှိကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရားကြီးအား ဘုရားဖူးပြည်သူများ နံနက်အာရုံဆွမ်းနှင့် သောက်တော်ရေများကပ်လှူပူဇော်ပြီး ဘုရားဝတ်ပြုဆုတောင်းနိုင်ရေးအတွက် နေ့စဉ်နံနက်(၅)နာရီမှ စတင်ပြီးဖွင့်လှစ်ထားကြောင်း၊ တန်ဆောင်တိုင်ရုံးပိတ်ရက်ဖြစ်သောကြောင့် အနယ်နယ်အရပ်က ဘုရားဖူးပြည်သူများ ပိုမိုလာရောက်သဖြင့် စည်ကားလျက်ရှိကြောင်း၊ ဘုရားဖူးပြည်များ စိတ်အေးချမ်းစွာဘုရားဖူးနိုင်ရေး ကားရပ်နားကွင်းနှင့် ဆိုင်ကယ်ရပ်နားကွင်း သီးသန့်ခွဲထားပြီး ဆောင်ရွက်ပေးထားကြောင်းနှင့် အခက်အခဲတစ်စုံတစ်ရာပေါ်ပေါက်လာပါက ကူညီပေးရေး ဘုရားလုံခြုံရေးအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ဂေါပကဥက္ကဋ္ဌ ဦးကျော်ဆွေက ပြောပြသည်။
ကျောက်ဆည်မြို့နယ်တွင် မဟာရွှေသိမ်တော် ဆုတောင်းပြည့်တန်းခိုကြီးဘုရားအပြင် ကျောက်ဆည်မြို့၏ အနောက်ဘက်(၅)မိုင်ခန့်အကွာ ကျောက်ဆည်-တံတားဦး(ရန်ကုန်-မန္တလေး)အမြန်လမ်းနှင့် ဆက်သွယ်ထားသည့် ကတ္တရာလမ်းဘေးတွင် ရှင်ပင်ရွှေဆပ်သွားဘုရားနှင့် တမုတ်ရွှေဂူကြီး ဘုများတွင်လည်း ဘုရားဖူးပြည်သူများနှင့် စည်ကားလျက်ရှိကြောင်း သိရသည်။
သက်မောင်