လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

လှည်းကူး နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ စစ်ဆေးခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့ ပဲခူး-ရန်ကုန်လမ်းမကြီး တစ်လျှောက်တွင် ဆောင်ရွက် ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှည်းကူးမြို့ ပဲခူးရန်ကုန်လမ်းမကြီးတွင် ဖြတ်သန်းသွားလာသည့် ယာဉ်များကို ယာဉ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ယာဉ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်း များအား သိရှိလိုက်နာစေရန် စသည့်အချက်များကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်း‌ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးနေအောင်နှင့် စီမံအဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ အမှတ်(၆၆)ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ဒုရဲမှူး ဇော်ဇော်နိုင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အေးအေးနွဲ့(ပြန်/ဆက်)