ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ လေးဆူဓါတ်ပုံရွှေတိဂုံ ပုံတူစေတီတော်၊ သဗ္ဗညုပုံတူပုထိုးတော်ကြီးနှင့် ဓမ္မရံကြီးပုံတူပုထိုးတော်ကြီးတို့အား မင်္ဂလာဌာပနာသွင်း၊ မင်္ဂလာ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကျင်းပ

လောက်ကိုင် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ် (၁) ရပ်ကွက်၊ တုံချိန်ရေကန်ကမ်းခြေ၊ သီတဝုဎုနကျွန်းဆွယ်၊ လောကနန္ဒာဆိပ်ကမ်းတွင် တည်ထား ကိုးကွယ်သည့် လေးဆူဓါတ်ပုံရွှေတိဂုံ ပုံတူစေတီတော်၊ သဗ္ဗညုပုံတူပုထိုးတော်ကြီးနှင့် ဓမ္မရံကြီးပုံတူ ပုထိုးတော်ကြီးတို့အား မင်္ဂလာဌာပနာသွင်း၊ မင်္ဂလာရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း အခမ်း အနားကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက်(၇)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဆရာတော်၊သံဃာတော်များနှင့် ကြွရောက်လာသော ဧည့်ပရိတ်သတ်တို့မှ “နမောတဿ” (၃)ကြိမ် ရွတ်ဆိုကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ စုပေါင်းမြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် လောက်ကိုင်မြို့ မန်ချူးတပ်ဦးကျောင်းတိုက် ဦးစီးပဓာနနာယက မဟာသဒ္ဒမ္မဇောတိကဓဇ ဘဒ္ဒန္တဝေပုလ္လ မဟာထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ကို ဆရာတော်၊ သံဃာတော် အရှင်သူမြတ် တို့အား ဥပါသကာများမှ ကပ်လှူပူဇော်ခြင်း၊ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့မှ ပရိတ်တရားတော်များ ရွတ်ဆိုချီးမြှင့်ခြင်း၊ ပရိတ်ရေ၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ကို ဥပါသကာများမှ  ယူဆောင်၍ စေတီတော်တို့၌ ချည်နှောင်ပက်ဖျန်းခြင်း၊ ဖူလီလိုက်ကုမ္ပဏီအုပ်စုအလှူဒါယိကာ အဂ္ဂ မဟာသီရိသုဓမ္မဇောတဓရ  ဦးလီကျိန်းချန်(ခ) ဦးလျိုအားပေါက်မှ သာသနာရေးဆိုင်ရာလျှောက် ထားလွှာအား ဖတ်ကြားလျှောက်ထားခြင်း၊ လေးဆူဓါတ်ပုံရွှေတိဂုံပုံတူစေတီတော်၊ သဗ္ဗညုပုံတူ ပုထိုးတော်ကြီးနှင့် ဓမ္မရံကြီးပုံတူပုထိုးတော်ကြီးတွင် တင်လှူပူဇော်မည့် ရွှေထီးတော်၊ ငှက်မြတ်နား တော်၊ စိန်ဖူးတော်နှင့် ဌာပနာတော်သွင်း ရတနာများအား ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များထံသို့ အလှူဒါယိကာမိသားစုမှ ကပ်လှူပူဇော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဘုရားဒါယိကာများနှင့် သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးစိုးမင်းထွန်းတို့က ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်တို့နှင့် ဌာပနာ တော်သွင်းရတနာများအား စေတီတော်များရှိရာသို့ ပင့်ဆောင်၍ စေတီတော်သုံးဆူအားခြုံငုံ၍ လက်ယာရစ်(၃)ပတ် ပတ်၍ ပူဇော်ခြင်း၊ စေတီတော်များအလိုက် စေတီ‌တော်ခြေရင်းတို့တွင် သက် ဆိုင်ရာထီးတော်များ၊ ငှက်မြတ်နားတော်များ၊ စိန်ဖူးတော်များအားနေရာချထားခြင်း၊ စေတီတော် အလိုက် ဌာပနာတော်သွင်း ရတနာများအား ပင့်ဆောင်၍ ဌာပနာတော်များ သွင်းလှူဒါန်းခဲ့ပြီးနောက် လေးဆူဓါတ်ပုံရွှေတိဂုံပုံတူစေတီတော်၊ သဗ္ဗညုပုံတူ ပုထိုးတော်ကြီးနှင့် ဓမ္မရံကြီးပုံတူပုထိုးတော်ကြီးတို့အား ရွှေထီးတော်၊ ငှက်မြတ်နားတော်၊  စိန်ဖူးတော်များအား တင်လှူပူဇော်ခဲ့ပြီးနောက် ဆရာတော် သံဃာတော် အရှင်သူမြတ်များတို့မှ ဗုဒ္ဓါဘိသေက အနေက ဇာတင် ပူဇော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းနောက် အလှူဒါယိကာနှင့်တကွ ဧည့်ပရိတ်သတ်များက ဆရာတော်၊ သံဃာတော် အရှင် သူမြတ်များတို့အား လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းခြင်း၊ စေတီတော်မြတ်ကြီးများ တည်ဆောက်ရာတွင် မပြည့်စုံမှု၊ မှားယွင်းမှုများရှိပါက ခွင့်လွှတ်ပါရန် တောင်းပန်ခြင်း၊ ဆုတောင်းအမျှဝေ စာတမ်းဖတ်ကြားခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာ ကြား၍  ရေစက်ချအမျှဝေခြင်း၊ နတ်၊ ဗြဟ္မာများအား ပြန်လည်ပို့ဆောင်ခြင်းများဆောင်ရွက်ခဲ့ပြီး  အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင် စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး၊ ဗိုလ် ချုပ်ဇော်မင်းနှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၊ ညွှန်ကြား ရေးမှူးချုပ် ဦးစိုးမင်းထွန်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ ဒေသစီမံအုပ် ချုပ်ရေးအဖွဲ့ဝင်ဦးခင်မောင်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ကျော်ထွန်း၊ ကုန်းကြမ်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ ဖူလီလိုက်ကုမ္ပဏီအုပ်စု ဒါရိုက်တာ သီရိသုမဓမ္မဇောတ ဓရ ဦးမောင်မောင်၊ ဒေသ/ ခရိုင် /မြို့ နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ စုစုပေါင်း (၄၀၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)