သီပေါ နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ကျောက်မဲခရိုင်၊သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီက လူငယ်ရေးရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး လူငယ်များအတွက် ပညာရေးသည် အဓိကရည်မှန်းချက်ဖြစ်ကြောင်း၊ ပညာဆိုရာမှ စာပေသာမက အသိပညာ၊ အတတ်ပညာ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းပညာ၊ စီမံခန့်ခွဲမှုပညာ စသည်ဖြင့် ပညာရပ်အမျိုးမျိုးရှိပါကြောင်း၊ လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်နဲ့ ကိုက်ညီတဲ့ ရည်မှန်းချက်များရှိရမှာဖြစ်ကြောင်း၊ ထိုရည်မှန်းချက်ကို အဓိကထားပြီး ကြိုးစားရမှာဖြစ်ကြောင်း၊ တန်ဖိုးရှိတဲ့ အချိန်တွေ အလကားမဖြစ်စေဘဲ အကျိုးရှိစွာ ကုန်ဆုံးစေလိုကြောင်း၊ ရည်မှန်းချက်ရှိသူနဲ့မရှိသူမှာ ဘဝတိုးတက်မှုကွာခြားပါကြောင်း စသည်ဖြင့် “လူငယ်နှင့်ရည်မှန်းချက်”ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နန်းသိင်္ဂီစိုးက လူတစ်ယောက်မှာအကျင့်စာရိတ္တ ကောင်းမွန်မှန်ကန်ဖို့က အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ဘယ်လောက်ဘဲတော်တော် အကျင့်စာရိတ္တမကောင်းရင် လူတော်တစ်ယောက်ဖြစ်မယ်။ သို့သော် လူကောင်းတစ်ယောက် မဖြစ်နိုင်ပါကြောင်း၊ စာရိတ္တကောင်းသူဟာ စိတ်ဓာတ်ကောင်းသူ ဖြစ်ပါကြောင်း၊ စိတ်ကောင်းရှိဖို့ဆိုသည်မှာ သူတစ်ပါးကိုချောက်မတွန်းဘူး။ သူတစ်ပါးပစ္စည်း မခိုးဘူး။ သူတစ်ပါးဒုက္ခရောက်အောင်မလုပ်ဘူး။ သူတစ်ပါး ကိုကူညီတယ်။ အများအကျိုးအတွက် ဆောင်ရွက်တယ်။ အတ္တစိတ်နည်းပြီး ပရဟိစိတ်များတာကို ခေါ်ဆိုပါကြောင်း၊ စိတ်ကောင်း စေတနာကောင်းများ မွေးမြူသွားရမှဖြစ်ပါကြောင်း၊ စာရိတ္တကောင်းရုံတင်မဟုတ်၊ စာရိတ္တ လိပ်ပြာလုံဖို့၊ စာရိတ္တမာနရှိဖို့လည်း လိုအပ်ပါကြောင်း စသည်ဖြင့် “လူငယ်နှင့်စာရိတ္တ”ခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် သက်ဆိုင်ရာကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေးပွဲ (Talk Show)များကို ဌာန ဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့်ပူးပေါင်း၍ လစဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် အဆိုပါ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)များကို သီပေါမြို့နယ်ရုံးမှ ဖွင့်လှစ်ထားသောWe Love Hsipaw Facebook Page တွင် လွှင့်တင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)