မိုင်းယောင်း နိုဝင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသည့် ဝါသနာတူ ကလပ်အသင်းများဖြစ်သော Book Club၊ Youth Club၊ Woman Club နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက စာရေးဆရာချစ်စံဝင်း၏ “ရည်မှန်းရမည့်ပန်းတိုင်”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာပေချစ်မြတ်နိုးသူ အသင်းအဖွဲ့နှင့် စာဖတ်ဝါသနာရှင် ပြည်သူများအချင်းချင်း မိတ်ဆက်ခဲ့ကြကာ စာရေးဆရာချစ်စံဝင်း၏ “ရည်မှန်းရမည့်ပန်းတိုင်” စာအုပ်ကို ဒုတိယဦးစီးမှူး၊ Woman Club ဥက္ကဋ္ဌ ဒေါ်မိုးမိုးအေး၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်နန်းစီဖေါင်း၊ Book Club အဖွဲ့ဝင် ဦးရဲရင့်အောင်နှင့် Youth Club အဖွဲ့ဝင် ဒေါ်ဘူးဒေါ့တို့က အသီးသီးဖတ်ကြားခဲ့ကြသည်။
ထို့နောက် စာဖတ်ခြင်းသည် အသိအလိမ္မာကို ပေးစွမ်းနိုင်ရုံမက ပညာဗဟုသုတ၊ ထိုးထွင်းဉာဏ်၊ အသိတရားတို့ကို ပေးစွမ်းနိုင်ကြောင်း၊ စာဖတ်ဝါသနာပါသူများ အချင်းချင်း မိမိတို့ဖတ်ရှုထားသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ ရရှိလာသည့် အသိပညာဗဟုသုတနှင့် စာပေဆိုင်ရာအသိအမြင်များကို အပြန်အလှန် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း