နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ဒက္ခိဏသီရိမြို့နယ်၊ ဒုတိယအကြိမ်  အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်ကြည်ညို

နေပြည်တော် နိုဝင်ဘာ ၉

နေပြည်တော်ကောင်စီက ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ တောင်ဝိုင်းကြီးနေလသိဒ္ဓိဆုတောင်းပြည့်စေတီတော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ  ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အမှူးပြုသည့် ဆရာ တော် သံဃာတော်များ ကြွရောက်ချီးမြှင့် တော်မူကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊  နေပြည်တော်သာသနာရေးဦးစီး ဌာန သာသနာရေးမှူး ဦးဆန်းထွန်းအောင်၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ   နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်နှင့် ဧည့်ပရိတ်သတ်များက ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတမထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အခမ်းအနားမှူးက ပဋ္ဌာန်း ရောင်ခြည်တော်ဖွင့်ဂါထာကို ရွတ်ဖတ် ပူဇော်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်က သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော်များထံ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူ တော်ငွေများ ဆက်ကပ်လှူဒါန်း သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဧည့်ပရိတ်သတ်များက ဆရာတော်သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်းပရိတ်တော်ကို နာယူကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များ ဦးဆောင်၍ ပရိတ်သတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့မှ (၁၂)ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် တောင်ဝိုင်းကြီးနေလသိဒ္ဓိ ဆုတောင်း ပြည့်စေတီတော်အနီးရှိ တည်ထားကိုးကွယ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်များကို လှည့်လည်ဖူးမြော် ကြည်ညိုခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)