ပုသိမ်ကြီး နို၀င်ဘာ ၉
ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစည်းဝေးခန်းတွင် အမျိုးသားနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများကျင်းပရေးဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း(၂)နာရီတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အထိမ်းအမှတ်ပွဲများတွင် မြို့နယ်ဦးစီးအရာရှိမှ မကြာမီရောက်ရှိလာမည့် အမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်ဌာနအနေဖြင့် ပြပွဲ၊ ပြိုင်ပွဲဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဟောပြောပွဲ၊ စာအုပ်ပြပွဲများနည်းတူ ကျောင်းသားလူငယ်လူရွယ်များဖြင့် စာပေဆိုင်ရာပြိုင်ပွဲများ၊ အားကစားဆိုင်ရာ ပြိုင်ပွဲများကိုပါ တစ်ပါတည်းထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ တက်ရောက်လာသူများအနေဖြင့် အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း အစရှိသဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ စာပေဆိုင်ရာပြိုင်ပွဲများတွင် ထည့်သွင်းဆောင်ရွက်သင့်သည့်ကဏ္ဍများနှင့် အားကစားဆိုင်ရာပြိုင်ပွဲများတွင် ထည့်သွင်းယှဉ်ပြိုင်စေသင့်သည့် ပြိုင်ပွဲများ အစရှိသည်တို့ကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးချက်များအပေါ် ညှိနှိုင်း အတည်ပြုခြင်းများဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ပြပွဲပြိုင်ပွဲများကို မြို့နယ်အတွင်းရှိ စာရေးဆရာများအသင်း၊ အခြေခံပညာကျောင်းများနှင့်ပူးပေါင်းကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)