သာစည် နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ကိုယ်ထူကိုယ်ထ မူကြိုကျောင်း စုံညီပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
စုံညီပွဲတော်တွင် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဝေဝေခိုင်က အမှာစကား ပြောကြားပြီး မူကြိုကျောင်း တာဝန်ခံ ဆရာမဒေါ်အေးအေးက ကျောင်းလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် မူကြိုကျောင်းမှ တာဝန်ရှိသူများက မူကြိုကျောင်း တက်ရောက်ပြီးစီးကြောင်း အောင်လက်မှတ်များအား ကျောင်းသား/ သူလေးများကို ပေးအပ်သည်။
ထို့နောက် ကျောင်းသား/ သူလေးများက ယိမ်းအကများ၊ တေးသရုပ်ဖော် အကများဖြင့် ဖျော်ဖြေကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မူကြိုကျောင်းကော်မတီဝင် ဒေါ်ခင်စန်းတို့က ကပြေဖျော်ဖြေပေးသော ကျောင်းသား/သူလေးများအတွက် ဆုငွေများ ချီးမြင့်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ စုံညီပွဲတော်သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မူကြိုကျောင်းကော်မတီဝင်များနှင့် ဆရာမများ၊ ကျောင်းသား/သူလေးများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)