ရန်ကုန် စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ ပိုးတွေ့လူနာများ တွေ့ရှိခဲ့သည့် နေအိမ်မိသားစုဝင်များအတွက် အခြေခံစားသောက်ကုန်များကို ယမန်နေ့က We Love Dala မှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့လှူဒါန်းမှုနှင့် ပတ်သက်ပြီး We Love Dala အတွင်းရေးမှူး ကိုအောင်လွန်းက “ဒလမြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတဲ့ ကျန်ရှိနေအိမ် မိသားစုတွေက ထိစပ်မှုအနေနဲ့ နေအိမ် မှာပဲ Quarantine ဖြစ်သွားတယ်၊ လတ်တလောမှာ အပြင်လည်းထွက်မရတော့ စားသောက်ရေး အတွက် အခက်အခဲရှိနိုင်တယ်၊ ပြေလည်တဲ့ မိသားစုတွေ မဟုတ်ရင် ပိုဆိုးတယ်၊ ရောဂါကြောင့် စိတ်ထိခိုက်နေကြရတဲ့အပြင် စားသောက်ရေးမှာပါ အဆင်မပြေကြတော့ ဒုက္ခတွေများကြရမယ်၊ ကျွန်တော်တို့အနေနဲ့ အများကြီး မတတ်နိုင်ပေမယ့်၊ အလှူရှင်များရဲ့စေတနာနဲ့ လတ်တလော အခက် အခဲလေးကို အဆင်ပြေသွားစေချင်ယုံပါ ” ဟု ပြောပြခဲ့သည်။
ဒလမြို့နယ်အတွင်းရှိ တပင်ရွှေထီးရပ်ကွက်၊ မြို့မ(၄)ရပ်ကွက်၊ ကျန်စစ်သားရပ်ကွက်၊ ဆာပါချောင် ရပ်ကွက်၊ တာကြီးရပ်ကွက်၊ ကမာကဆစ်ရပ်ကွက်၊ ကမာကသွယ်ရပ်ကွက်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ရာဇသင်္ကြန်ရပ်ကွက်၊ ရဲချောင်းဝကျေးရွာ၊ ပျော်ဘွယ်ကြီးကျေးရွာတို့ရှိ ပိုးတွေ့လူနာများ၏ ထိတွေ့ မိသားစုများ နေထိုင်ကြသည့် နေအိမ် Lock Down ချထားသော အိမ်ထောင်စု ၃၂ စုရှိ လူဦးရေ ၁၈၅ ဦး အတွက် ဆန်(တောင်ပျံ)၊ ဆီ၊ အသင့်စားငါးခြောက်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ရေသန့်များကို တစ်ဦးလျှင် (၃၅၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၆၄၇၅၀၀) ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)