ကျောက်ပန်းတောင်း နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ကလပ်တွင် တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားဖူးပြည်သူများဖြင့် စည်ကားခဲ့ကြောင်းနှင့် လပြည့်ည အချိန်ခါတွင်လည်း တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ယုံကြည်သက်ဝင်သူများမှ ပွဲတင်ခြင်း၊ ဆေးမြစ်/ဆေးရွက်များစုပေါင်း၍ ဆေးကြိတ်ခြင်းများဖြင့် စည်ကားလျက်ရှိကြောင်း တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
ပုပ္ပားတောင်ကလပ်သည် ကမ္ဘာ့အသိအမှတ်ပြု ရှေးဟောင်းသမိုင်းဝင် ပုဂံ/ညောင်ဦးနှင့် နီး၍ အဆိုပါ ပုဂံယာဉ် ကျေးမှုနယ်မြေသို့ ဘုရားဖူးလာရောက်သည့် ပြည်တွင်း/ပြည်ပ ဘုရားဖူးတိုင်း တောင်ကလပ်သို့ မဖြစ်မနေ ခရီးတစ်ထောက် ဝင်ရောက်ဖူးမြော်လေ့လာလေ့ရှိကြရာ၊ ပွင့်လင်းရာသီဖြစ်သည့် ဘုရားဖူးကာလတိုင်း ပုပ္ပားတောင်ကလပ်သည် ဘုရားဖူးပြည်သူများဖြင့် စည်ကားမြဲဖြစ်ကြောင်းသိရသည်။
ယခင် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုမရှိခင်ကာလများက ယခုအချိန် အခါမျိုးတွင် ဘုရားဖူးပြည်သူတစ်နေ့လျှင် တစ်သောင်းကျော်ခန့်ဝင်ရောက်လေ့ရှိပြီး ဒေသခံပြည်သူများ ဈေးရောင်း/ ဈေးဝယ်ကောင်းခဲ့သော်လည်း၊ ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် အခြားအကြောင်း အမျိုးမျိုးတို့ကြောင့် ဘုရားဖူးလာ ရောက်မှုအနည်းငယ်လျော့နည်းသွားသော်လည်း ယခုကာလတွင် ပြန်လည်စည်ကားခဲ့ကြောင်းသိရသည်။ အဆိုပါ ဘုရားဖူးပြည်သူများ ဝင်ရောက်လာမှုကြောင့် ဒေသခံစားသောက်ဆိုင်များ၊ အုန်း/ငှက်ပျောရောင်းချသူများ၊ ဘုရားပန်းနှင့်မျောက်စာ ရောင်းချသူများ လုပ်ငန်းအဆင်ပြေကြကြောင်းနှင့်ယခုလပြည့်နေ့တွင် ဘုရားဖူးပြည်သူ ၁၅၀၀ ကျော်ခန့် ဝင်ရောက်ကြောင်း၊ လပြည့်ညအထိ ဆေးကျောက်ပျဉ်ဂူတွင် သက်ဝင်ယုံကြည်ကြသူ ၃၀၀ ကျော်ခန့်က ဆေးကြိတ်ခြင်း၊ ဆေးပွတ်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့အပြင် တန်ဆောင်မုန်းလပြည့်ညမှာဆေးပေါင်းခသည်ဟု မြန်မာလူမျိုးတို့ အယူရှိကြသည့်နည်းတူ စာရေးဆရာတင်နိုင်တိုး၏ ပုပ္ပားဟူသော စာအုပ်ပါမှတ်တမ်းများအရ သာယာဝတီမင်းလက်ထက် ၁၈၄၁ ခုနှစ်တွင် ယွန်းစုဝန်ကြီးမင်း မဟာကျော်စည် သူ ဦးစီး၍ အမတ်ကြီး မဟာဇေယျသင်္ကြန်က ပုပ္ပားအရပ်မှ ဆေးမျိုး ၇၄၈ မျိုး၊ ဆေးအမည် ၁၀၇၄ ပါး ပါဝင် သော ဆေးဖက်ဝင်အပင်များ ဆက်သွင်းခဲ့ရကြောင်းပါရှိခဲ့ရာ ဆေးဖက်ဝင်အပင်များပေါများပြီး တရားကျင့်ကြံသည့် ဝိဇ္ဇာများပေါများရာအရပ်၊ ထွက်ရပ်ပေါက်ရာအရပ်ဟု ယုံကြည်သက်ဝင်သူများက လပြည့်နေ့မတိုင်မီမှာပင် အနယ်နယ်အရပ်ရပ်မှ ကြိုတင်လာရောက်ကြပြီး တန်ဆောင်မုန်းလပြည့်ညတွင် တောင်ကလပ်အထက် ဆေးကျောက်ပျဉ်ဂူတွင် ပွဲတင်ခြင်း၊ အဓိဌာန်ပတီးစိတ်ခြင်းနှင့်ဆေးမြစ်/ဆေးဉများဖြင့် ဆေးကြိတ်ခြင်းများကို တောင်ကလပ် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ခွင့်ပြုသည့် ည(၁၀)နာရီအထိ ယုံကြည်စွာ ဆောင်ရွက်ကြကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)