မောင်တော နိုဝင်ဘာ ၈
ရခိုင်ပြည်နယ် မောင်တောမြို့တွင် (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (၃၄) ကြိမ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ဆရာတော်၊ သံဃာတော်များ ပင်ဖိတ်၍ တရားနာယူခြင်း ၊ ဆွမ်းကပ်ခြင်း ၊ ဝတ္တူငွေများ ဆက်ကပ်ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ပြည့် အငြိမ်းစား ယူ ခဲ့ကြသည့် ဝန်ထမ်းဟောင်းများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့ကြသည်။ ထို့နောက် (၃၄)ကြိမ်မြောက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ နှစ်ပတ်လည်နေ့ အခမ်းအနားကို ကျင်းပ ပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်က မိမိတို့ ဌာန၏လက်ရှိဆောင်ရွက်နေ သည့်အခြေအနေများ၊ ဌာန၏သမိုင်းအကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ သည်။
ယင်းနောက် ၂၀၂၂ ခုနှစ်မှစ၍ မည့်သည့်ခွင့်မှ /ခံစားမှုမရှိသော ဝန်ထမ်းများ၊ တာဝန်ကျေပွန်ဆု၊ အချိန်မရွေး တာဝန်ထမ်းဆောင်ဆု စသည့်ဆုများ၊ ဝန်ထမ်းသားသမီးများထဲမှ တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကိုလည်း တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့် ပေးခဲ့ကြရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများအဖြစ် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသား ခြင်းလုံးပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီး ကြိုးဆွဲပွဲများ စသည့်အားကစားပြိုင်ပွဲများတွင် ဆုရရှိခဲ့ သူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး အမှတ်တရတူညီ ဝတ်စုံများကိုလည်း ပေးအပ်ခဲ့ကြောင်းသိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)