တံတားဦးမြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

တံတားဦး  နိုဝင်ဘာ  ၈

တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်သော (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှေးဦးစွာ (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ နှစ်ပတ်လည်နေ့အခမ်းအနားအဖြစ် ဆရာတော်သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းပြီး သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို တံတားဦးခရိုင်  စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းနှင့် တာဝန်ရှိသူများ လှူဒါန်းပေးကြသည်။

ဆက်လက်၍ အသက်အရွယ်အရလည်းကောင်း၊ လုပ်သက်အရ လည်းကောင်း၊ အတွေ့အကြုံအရလည်းကောင်း အသက်(၅၅)နှစ်အထက် သက်ကြီးဝါကြီး ဝန်ထမ်းများအား စုပေါင်းကန်တော့ ဂါရဝပြုကြပြီး ဝန်ထမ်းစံပြဆု၊ တစ်နှစ်ပတ်လုံး ခွင့်အနည်းဆုံးယူသည့် ဝန်ထမ်းများကို ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ကြသည်။

တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအနေဖြင့် ဌာနနှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် နိုဝင်ဘာလ(၃)ရက်နေ့တွင် တံတားဦးမြို့ သမိုင်းဝင်မဟာမင်္ဂလာစေတီ ရင်ပြင်တော်နှင့် ဂန္ဓကုဋိတိုက်တော်တို့အတွင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းပြုလုပ်ခြင်းတို့ ဆောင်ရွက်ကြပြီး နိုဝင်ဘာလ(၇)ရက်နေ့တွင် ဝန်ထမ်းများ ပျော်ပွဲရွှင်ပွဲအဖြစ်  ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကို ထံမှသိရသည်။

ရဲတင့်(ပြန်/ဆက်)