မအီ နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ အဓိပတိနာယကချုပ်၊ ပြည်တွင်း/ပြည်ပ နယ်လှည့်သာသနာပြု၊ အဂ္ဂမဟာကမ္မဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ ဗုဒ္ဓဘုရားအား တရားအလှူတို့ဖြင့်ပူဇော်ခြင်း၊ သံဃာတော်အပါး ၂၀ တို့အား ကထိန်လျာသင်္ကန်းကြီး ကပ်လှူပူဇော်၍ အရံသံဃာအပါး(၇၀)ကျော်တို့အား ကိန်အခြံအရံပစ္စည်းများ ကပ်လှူပူဇော်ခြင်း၊ တန်ဆောင်တိုင်ည စတုဒိသာကျွေးမွေးခြင်း၊ မီးပုံးပျံများ လွှင့်တင်ခြင်းတို့ကို ယမန်နေ့ တန်ဆောင်မုန့်လပြည့်ည၌ မအီမြို့၊ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာကျောင်းတိုက်၊ အဓိဋ္ဌာန်အောင် ဆုတောင်းပြည့် လျောင်းတော်မူဘုရားကြီးရှေ့ ရင်ပြင်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကထိန်လျာမြတ်သင်္ကန်းနှင့် ကထိန်အခြံအရံလှူဖွယ်ဝတ္ထုတို့ကို မြောက်ဦးဆရာတော် ဘုရားကြီးအား အမှူးထား၍ မာရ်ငါးပါးစေတီတော်များ၌ သတင်းသုံးတော်မူနေကြသည့် သံဃာတော်များ(ပင့်သံဃာအပါး ၂၀)နှင့် အရံသံဃာအပါး(၇၀) ကျော်တို့အား ရန်ကုန်မြို့၊ ယုဇနပလာဇာမှ အလှူရှင် မခင်မာဝင်း၊ မသန္တာလင်း၊ မမျိုးမျိုးလင်း ညီအစ်မမိသားစုတို့က ကပ်လှူပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဖော်ပြပါ မြောက်ဦးဆရာတော် ဝနဝါသီအရှင်ဝါယာမိန္ဒ၏ အထူးအလုပ်ပေး ၇ ရက်တရားစခန်း (တရားပွဲ)ကို တန်ဆောင်မုန်းလပြည့်ကျော်(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ရန် အသိပေးနှိုးဆော်ထားသော်လည်း ဆရာတော်ကြီး၏ ဆန္ဒသဘောအရ လဆန်း(၁၃)ရက်နေ့မှစတင်၍ ဖွင့်လှစ်ခဲ့ပါကြောင်း၊ တရားပွဲကို (၈)ညတိုင်တိုင် ကျင်းပသွားမည် ဖြစ်ပါကြောင်းနှင့် အဆိုပါတရားပွဲ၌ ရန်ကုန်တိုင်ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ အရှင်ဉာဏိသရ၊ အရှင်ဥတ္တမသာရနှင့် မန္တလေးတိုင်းဒေသကြီး၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ တိုက်အုပ်ဆရာတော် အရှင်ဇာဝနတို့မှလည်း ဗုဒ္ဓဘုရားအား တရားအလှူတို့ဖြင့်ပူဇော်သည့်အနေဖြင့် ဓမ္မအသိ၊ ဓမ္မကျင့်စဉ်တို့အား ဖြည့်စွက်လမ်းညွှန် တရားပြသွားကြမည်ဖြစ်ကြောင်း မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက် ဓမ္မဝန်ဆောင်အဖွဲ့မှ သိရသည်။
အဆိုပါ တန်ဆောင်တိုင်ည တရားပွဲတော်၌ မီပုံးပျံများလွှင့်တင်ခြင်း၊ ရောက်ရှိလာကြသည့် ပရိသတ်တို့အား ရခိုင်မုန့်တီ၊ အအေး၊ သစ်သီးဝလံများစွာတို့ဖြင့် စတုဒိသာ ကျွေးမွေးခြင်းတို့ပြုခဲ့ကြပြီး မအီမြို့သူမြို့သားများသာမက ရပ်နီးရပ်ဝေးမှ တရားစခန်း လာရောက်သူ ဓမ္မမိတ်ဆွေများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)