တံတားဦး နိုဝင်ဘာ ၈
တံတားဦးခရိုင် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးက အလျား(၁၂)ပေ ၊ အနံ(၆)ပေရှိ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ လမ်းမတော်လမ်း သမိုင်းဝင်ဆေးအိုးဖိုဘုရားအနီးတွင်စိုက်ထူကြရာ အခမ်းအနားသို့ တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဝန်ထမ်းများ တက်ရောက်ကြကြောင်းသိရသည်။
အဆိုပါ အသိပေးချက်များ မြေစိုက်ပိုစတာတွင် နိုင်ငံသားစိစစ်ရေးကတ်များ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ်တစ်မျိုးမျိုး ကိုင်ဆောင်သူ(၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်းဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့နောက် တံတားဦးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးတင်စိုးနှင့် ဝန်ထမ်းများက ခရီးသွားပြည်သူများ၊ မိဘပြည်သူများအား အသိပေးချက်လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲတင့်