မြစ်သား နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၄)နှစ်မြောက် ဌာနနှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်မှ အဖွင့်အမှာစကားနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသမိုင်းကြောင်းများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ထူးချွန်ဝန်ထမ်း(၃)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ကာ မြစ်သားမြို့နယ်နှင့် ကူမဲမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း(၁၃၈)ဦးတို့အား ရွှေလက်စွပ်၊ စောင်၊ ခေါင်းအုံး၊ လျှပ်စစ်ဟင်းပေါင်းအိုး၊ စတီးချိုင့်၊ ကျောပိုးအိတ်၊ ပုဆိုး၊ အဝတ်အစားအမျိုးမျိုးနှင့် အခြားရုံးအသုံးအဆောင်ပစ္စည်းများအား ဗလာမပါကံစမ်းမဲများဖောက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြစ်သားမြို့နယ်နှင့် ကူမဲမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ အားလုံးတက်ရောက်ခဲ့ကြရာ မုန့်ဟင်းခါးနှင့်ဧည့်ခံကျွေးမွေးခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူထံမှ သိရသည်။
သီတာအောင်(မြစ်သား)