ကျောက်ဆည်မြို့နယ်၌ အိမ်ထောင်စု(၁၃၅)စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (VDP) စီမံကိန်းဖြင့် ဆောင်ရွက်သည့် သရက်ပင်ကျေးရွာ ကွန်ကရစ်လမ်း ရာနှုန်းပြည့်ပြီးစီး

ကျောက်ဆည် နိုဝင်ဘာ   ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ လိုအပ်မှုများအား ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် အိမ်ခြေအိမ်ထောင်စု(၁၃၅)စု လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် (VDP)စီမံကိန်းဖြင့် သရက်ပင်ကျေးရွာတွင် ကွန်ကရစ်လမ်းများခင်းပေးရာ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။

ကျေးရွာတွင်းလမ်းများ (VDP)စီမံကိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရာတွင် နိုင်ငံတော် ခွင့်ပြုရန်ပုံငွေ(၁၀၀)သိန်း၊ ပြည်သူထည့်ဝင်ငွေနှင့်လုပ်အား (၅,၃၀၀,၀၀၀)ကျပ်၊ စုစုပေါင်း(၁၅,၃၀၀,၀၀၀)ကျပ် အကုန်အကျခံကာ အရှည်(၆၆၅)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မ ကွန်ကရစ်ခင်းခြင်းဖြစ်ကြောင်းနှင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးသောကြောင့် လမ်းများမြို့ပြနှင့် မခြားဖြစ်လာပြီး ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ၊ ရဟန်းသံဃာများသွားလာရာတွင်  များစွာအဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျေးရွာတွင်းလမ်းများ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာတွင် လမ်းအရည်အသွေး ပြည့်မီရေး၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာများ ကူညီပံ့ပိုးပေးလျက်ရှိကြောင်းနှင့် လုပ်ငန်းများရာနှုန်းပြည့် ပြီးစီးပြီဖြစ်၍ သရက်ပင်ကျေးရွာမှ အိမ်ခြေအိမ်ထောင်စု(၁၃၅)စု၊ လူဦးရေ(၅၈၂)ဦးတို့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)