ဝိုင်းမော်မြို့နယ်၌ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

ဝိုင်းမော် နိုဝင်ဘာ ၈

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ပညာရေးမှူးရုံးမှကြီးမှူး၍ ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ဝိုင်းမော်မြို့နယ် ရပ်ကွက် (၂) ရှိ မြို့နယ်ပညာရေးမှူးရုံး အောင်မင်္ဂလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသန်းအောင်မှ အလုပ်ရုံဆွေးနွေးပွဲကျင်းပ ပြုလုပ် ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အလုပ်ရုံဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသွားမည့် သူများနှင့် မိတ်ဆက်ပေးခဲ့ကာ ဦးဆောင်ဆွေးနွေးသွားမည့်သူများက ဆွေးနွေးမည့်ဘာသာရပ်နှင့် ခေါင်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၈ ရက်နှင့် ၉ ရက် (၂) ရက်ကြာ မြို့နယ်ပညာရေးမှူး ဦးဆောင်ပြီး ဒုတိယမြို့နယ် ပညာရေးမှူး (စီမံ) ဦးအံ့ခိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး (ပညာ) ဦးလုံးဂတ်တို့မှ ငွေစာရင်းဆိုင်ရာ စာရင်းဇယားရေးဆွဲနည်း၊ သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲမှု ဘာသာရပ်၊ ရုံးလုပ်ငန်းဆိုင်ရာ ဘာသာရပ်များအား ဆွေးနွေးသွားမည်ဖြစ်ကာ ဝိုင်းမော်မြို့နယ် အတွင်းရှိ အခြေခံ ပညာထက်/လယ်/မူ ကျောင်းအသီးသီးမှ ကျောင်းအုပ်ကြီး (၁၃၈) ဦး တက်ရောက်ကြောင်း သတင်းရရှိသည်။

ဖြူစင်(ပြန်/ဆက်)